News‎ > ‎

Assumption

posted Aug 18, 2015, 4:21 AM by Myanmar Signis   [ updated Aug 18, 2015, 4:30 AM ]

မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရတော်မူသောပွဲ

လူ့ဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ပြီး မြှင့်တင်ပေးသော မယ်တော်

ယနေ့အမိအသင်းတော်က မယ်တော်သခင်မ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်းပွဲတော်ကို ကျင်းပနေပါတယ်။ ကျွန်ုပ်တို့ရဲ့မိခင် မယ်တော်မာရိယားဟာ သူမသားတော် ယေဇူးသခင်နဲ့ ထာဝရ အတူရှိနေနိုင်ဖို့ သူမရဲ့ ဝိညာဉ်ရော ခန္ဓာကိုယ်ပါ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရပါတယ်။ ဒီပွဲနေ့က ကျွန်ုပ်တို့ကို ဘာသတင်းစကားပေးနေပါသလဲ။ ဒီပွဲနေ့အချိန်အခါဟာ မြန်မာနိုင်ငံမှာ လူအများရင်ဆိုင် နေရတဲ့ ရေကြီးရေလျှံခြင်းဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ထောင်ပေါင်း များစွာသော လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ်။ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရပေမဲ့ အသေအပျောက် အနည်းငယ်သာရှိတာကတော့ အဆိုးထဲက အကောင်းတစ်ခုပါ။ မယ်တော်သခင်မဟာ ကျွန်ုပ်တို့နိုင်ငံကို ဆက်လက်ကာကွယ်စောင့်ရှောက်ပါစေ။ အတိဒုက္ခရောက် နေသူတွေကို မယ်တော်ဟာ အစဉ်အမြဲ ကူညီတတ်တဲ့ သမိုင်းကြောင်းရှိတဲ့အတိုင်း ကျွန်ုပ်တို့ရဲ့ ညီအစ်ကို မောင်နှများအား ကာကွယ်စောင့်ရှောက်ပြီး ပုံမှန်အနေအထားဆီ အမြန်ဆုံး ပြန်ရောက် နိုင်အောင် စောင်မပါစေလို့ ဆန္ဒပြုဆုတောင်းပါတယ်။

ဒီအဖြစ်အပျက်တွေကြားမှာ မယ်တော်ပေးလိုတဲ့ သင်ခန်းစာများကို ထောက်ရှုရင်း သားသမီးများ ခွန်အားယူစေချင်ပါတယ်။ ပထမ သင်ခန်းစာက ဘဝဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်... တဲ့။

မယ်တော်ရဲ့ဘဝကို ပြန်လည်သုံးသပ်တဲ့အခါ ခက်ခဲကြမ်းတမ်းမှုများစွာကြားမှာ ရုန်းကန်ရှင်သန် ခဲ့ရတာ ကျွန်ုပ်တို့အားလုံး အသိပဲဖြစ်ပါတယ်။ ခရစ္စမတ်ရဲ့ မြင်ကွင်းလေးကို ကြည့်လိုက်တိုင်း ကျွန်ုပ်တို့ရင်ထဲမှာ ကြည်နူးရတယ်၊ အေးချမ်းသွားတယ်၊ ဒါပေမဲ့ မယ်တော်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါ။ မိခင်ဖြစ်သူတိုင်း ကလေးဖွါးရတဲ့ ဒုက္ခ၊ နာကျင်မှုတွေကို သိနားလည်ကြပါတယ်။ ခေတ်မှီ တိုးတက်တဲ့ အခုလိုအချိန်မှာ ခေတ်မှီစက်ကရိယာတွေရှိနေတာတောင်မှ မီးဖွါးရင်း အသက်ပေး ကြရတာတွေ ရှိနေသေးပါတယ်။ မယ်တော်ရဲ့ အဖြစ်မှာတော့ ညစ်ပတ်နံဆော်နေတဲ့ နွားတင်း ကုပ်မှာ အကူအညီမဲ့မွေးဖွါးခဲ့ရတယ်၊ နေ့စေ့လစေ့ ကိုယ်ဝန်ကိုလွယ်ပြီး မြည်းနဲ့ ရက်ပေါင်းများစွာ ခရီးသွားခဲ့ရတဲ့ ဒုက္ခကလည်း မသေးပါဘူး။

ဘုရားရဲ့သားတော် ယေဇူးလေးကို ဖွါးပြီးတဲ့အချိန်မှာ မယ်တော်ရဲ့ဘဝက သက်တောင့်သက်သာ ဖြစ်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဖြစ်မလာပါဘူး။ သားတော်ကို ကျောင်းတော်မှာ ပူဇော်ပြီး မကြာခင်မှာပဲ သူငယ်တော်ရဲ့ အသက်ကို ရန်ရှာတဲ့ ဟေရုဒ်ကြောင့် အီဂျစ်ပြည်ကို ထွက်ပြေးခဲ့ရတယ်။ သားတော်လေးဟာ ငယ်ရွယ်နုငယ်စဉ်မှာပဲ အိုးမဲ့အိမ်မဲ့နဲ့ တိုင်းတပါးမှာ ဒုက္ခသည် ဖြစ်ခဲ့ရတယ်။ မယ်တော် နဲ့ ဇူဇယ်ဟာ ကန္တာခရီးကြမ်းကြီးကို အသက်လုပြီး ဖြတ်ကျော် ခဲ့ရတယ်။

“သား” ဆိုတာ မိခင်အတွက် “အား” ဖြစ်ပါတယ်ဆိုတဲ့ အတွေးနဲ့ သားတော်လေး အရွယ်ရောက်တဲ့ အခါ အားကိုးရမယ်လို့ မယ်တော်မျှော်လင့်ခဲ့မှာပဲ။ သားလေးအရွယ်ရောက်လာတာ၊ ချောမော ခန့်ညားနေတာကို မယ်တော်ကြည့်ပြီးကျေနပ်နေခဲ့မှာပါ။ ဒါပေမဲ့ ဒီသားတော်ဟာ အဖခမည်းတော်ရဲ့ လုပ်ငန်းကို လုပ်ဆောင် ရမယ်ဆိုပြီး အိမ်ကထွက်သွားတယ်။ အသက် ၃၀ အရွယ် အားကိုးနိုင်တဲ့ အချိန်မှာ မုဆိုးမအမေကြီးကို ပစ်ထားပြီး အနယ်နယ်အရပ်ရပ်မှာ တရားဟောဖို့ ထွက်သွားတယ်။
သားတော် အောင်မြင်ကျော်ကြားနေတယ်ဆိုရင် အမေဝမ်းသာမှာပါ။ လက်တွေ့မှာတော့ သားတော် ဟာ လက်ဝါးကပ်တိုင်မှာ အသတ်ခံခဲ့ရတယ်။ သားတော် အသက်စွန့်မယ့် ကားတိုင်ခြေရင်းမှာ အကူညီမဲ့စွာ ရပ်ကြည့်နေရုံကလွဲပြီး ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။ သားအစား အမေသာခံချင်ပါတယ် ဆိုတဲ့ မိခင်မေတ္တာနဲ့ နာကျင်ကြေကွဲခဲ့ရမှပါ။

ကျွန်ုပ်တို့အခုလက်တွေ့ခံစားနေကြရတဲ့ အဖြစ်ကိုပြန်ကြည့်ပါ။ ထောင်ချီတဲ့ရွာတွေ ရေမြုပ်နေတယ်၊ လူတွေ သန်းနဲ့ချီပြီး အကူအညီလိုအပ်နေတယ်၊ ဟားခါးဆိုတဲ့ အမြင့်ဆုံးတောင်ထိပ်ကနေ အနိမ့်ဆုံး ဧရာဝတီ မြစ်ဝကျွန်းပေါ်အထိ ကြေကွဲဝမ်းနည်းနေတဲ့ လူတွေ၊ အားကိုးရာမဲ့နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ မြင်ကွင်းဟာ ရင်မချိစရာ (ရင်နင့်စရာ) ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့ကားတိုင်လမ်းကို လျှောက်လှမ်းနေကြရပါတယ်။ သားတော်ရဲ့ ကားတိုင်ခြေရင်းမှာ မားမားမတ်မတ် ရပ်နေခဲ့တဲ့ မယ်တော်ထံ ကျွန်ုပ်တို့ ဆုပန်ကြရအောင်။ မယ်တော်ဟာ သားတော်ရဲ့ ကားတိုင်ခြေရင်းမှာ သစ္စာတည်ကြည်စွာ ရပ်နေခဲ့သလို ကားတိုင်လမ်းထက်မှာရှိနေတဲ့ ကျွန်ုပ်တို့ အနီးမှာလည်း ရှိနေပါတယ်။ ကျွန်ုပ်တို့ တစ်ဦးစီကိုလည်း ဝေဒနာခံစားနေရတဲ့ ညီအစ်ကိုမောင်နှမများနဲ့ မျှဝေ ခံစားရင်း ကူညီဖေးမဖို့ ဖိတ်ခေါ်နေပါတယ်။

ဘဝဆိုတာခက်ခဲပါတယ်။ ဘဝရဲ့ခက်ခဲမှုတွေကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့သူတိုင်းက ဘ၀ဆိုတာ လေ့ကျင့်ရေးကွင်းတစ်ခုလို့မှတ်ယူကြတယ်။ မိမိကိုယ်ကို စောင့်စည်းခြင်းနဲ့ စိတ်ဓါတ်စည်းကမ်းတွေရဲ့ အရေးပါမှုကို သိသူတွေဖြစ်တယ်။ လောကမှာ ပျော်ရွှင်မှုဆိုတာ ထာဝရတည်မယ့် အရာတစ်ခု မဟုတ်ဘူး ဒါထက်ပိုပြီးတန်ဖိုးရှိတဲ့အရာတွေကို ရယူနိုင်ရမယ်ဆိုတာ နားလည်ကြတယ်။

ဒုတိယအချက်အနေနဲ့ မယ်တော်ပြောနေတဲ့စကားက
ဘဝဆိုတာ ကြမ်းတမ်းခက်ခဲတယ်ဆိုပေမဲ့ ဘုရားသခင်ဟာ ကောင်းမြတ်ပါတယ်...တဲ့။

ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဟာ နိမ့်ကျသူတွေအပေါ် မျက်နှာသာပေးခြင်းမှာ ပေါ်လွင်ထင်ရှား ပါတယ်။ “ထာဝရဘုရားသခင်သည် မိမိကျွန်မ၏နိမ့်ကျသော အဖြစ်ကိုကြည့်ရှုတော်မူပြီ” ဘုရား သခင်ဟာ ကြင်နာသနားတတ်တဲ့ဘုရား၊ ကောင်းမြတ်တဲ့ဘုရားဖြစ်လို့ ဂုဏ်အရှိန်အဝါကြီးသူတွေ၊ သြဇာအာဏာ ရှိသူတွေကို ကျော်လွန်ပြီး ဆင်းရဲနိမ့်ကျတဲ့ တောသူ အမျိုးသမီးလေးကို ကယ်တင်ရှင်ရဲ့မိခင် အဖြစ်ရွေးကောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဘုရားသခင်ဟာ ကောင်းမြတ်တယ်လို့ ပြောရခြင်းက နိမ့်ကျသူတွေကို ချီးမြှောက်လို့တစ်ခုတည်း မဟုတ်ပါဘူး၊ ကျွန်ုပ်တို့ လိုအပ်တာတွေကို ဖြည့်စွက်ပေးလို့ပဲလည်း မဟုတ်ပါဘူး။ ဘုရားသခင်ဟာ ဂတိတည်ကြည်တဲ့ဘုရားဖြစ်လို့ ကောင်းမြတ်တဲ့ဘုရားလည်းဖြစ်ပါတယ်။ မယ်တော်ဟာ ဘုရား သခင်ရဲ့ ဂတိတည်ကြည်ခြင်းကို အသိအမှတ်ပြုခဲ့ပါတယ်။ “ငါတို့၏ဘိုးဘေးများဖြစ်သော အဘရာဟံ မှစ၍ သူ၏မျိုးနွယ် အစဉ်အဆက်တို့၌ ထားခဲ့သော ဂတိတော်အတိုင်း ကိုယ်တော်သည် အစဉ်ထာဝရ ကူညီစောင်မလေပြီ” (လုကာ ၁း၅၅)။ ကယ်တင်ရှင်ကြွလာတယ်ဆိုတာ အီဇရာအဲလ်လူမျိုးတွေ နှစ်ပေါင်းများစွာ စောင့်စားနေခဲ့ တဲ့ ဂတိတော် ပြည့်စုံခြင်းသာ ဖြစ်ပါတယ်။

ကြီးမြတ်တဲ့ ဘုရားသခင်ရှေ့မှာ မယ်တော်ဟာ အမှန်တကယ် နှိမ့်ချခဲ့ပါတယ်။ “အင်အားကြီးသော သူတို့ ကို အရိုက်အရာမှ ချတော်မူ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ”။ မယ်တော်ဟာ သူမ ဘဝမှာ ဖြစ်သမျှအရာတွေဟာ ကောင်းမြတ်သော ဘုရားသခင်ရဲ့ ကျေးဇူးတော်တွေသာ ဖြစ်တယ်လို့ အသိအမှတ် ပြုခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်ရှိအနေအထားကိုပြန်ကြည့်ပြီး ကိုယ်ထိုက်တန်လို့ ဒီဘဝမျိုး ရောက်နေတာလား ဆိုတာ မေးခွန်းထုတ်ဖို့ကောင်းပါတယ်။ စင်္ကြာဝဠာ တစ်ခုလုံးကို ပိုင်စိုးရှင် ထာဝရဘုရားသခင်ဟာ သိမ်ငယ်တဲ့ ကျွန်ုပ်တို့ကို ကြည့်ရှုစောင့်ရှောက်နေဖို့ ကျွန်ုပ်တို့က ဘယ်လောက်အထိ အရေးပါသူတွေဖြစ်လို့လဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြရပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ကျွန်ုပ်တို့ထိုက်တန်လို့မဟုတ်ဘူး ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ပါ ဆိုတဲ့ အဖြေသာထွက်လာပါလိမ့်မယ်။ ဘုရားသခင်ဟာ ကြီးမြတ်တယ်၊ ဘုရားသခင်ဟာ ကောင်းမြတ်တယ်လို့ပဲ ကျွန်ုပ်တို့ဝန်ခံကြရမယ်။

အဲ့ဒီကောင်းမြတ်တဲ့ ဘုရားသခင်ထံကျွန်ုပ်တို့ ယနေ့ဆုတောင်းကြပါတယ်။ မြန်မာနိုင်ငံနေရာအနှံ့မှာ ရေပြန်ကျဖို့ဆုတောင်းကြပါတယ်။ မယ်တော်ဝန်ခံခဲ့သလို ကျွန်ုပ်တို့လည်း “တန်ခိုးကြီးတော်မူသော ဘုရားသခင်သည် ငါ့အတွက် ကြီးမြတ်သော အမှုကို ပြုတော်မူပြီ။ သူ၏နာမတော်သည် သန့်ရှင်း မြင့်မြတ်တော်မူ၏” လို့ ကြွေးကြော်နိုင်ပါလိမ့်မယ်။ ဒီဆုတောင်းသံဟာ ကျွန်ုပ်တို့အတွက်သာ မဟုတ်ဘဲ သန်းချီတဲ့ ကျွန်ုပ်တို့ရဲ့ ရေဘေးသင့် ညီအစ်ကိုမောင်နှမများ အားလုံးအတွက်လည်း ဆုတောင်းပေးသံ ဖြစ်ပါတယ်။

အသက်ဘေးအန္တရာယ်ကနေ အီဂျစ်ပြည်ကို ထွက်ပြေးခဲ့ရတဲ့ ယေဇူး၊ မာရီယားနဲ့ ဇူဇယ်တို့လိုပဲ ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုမောင်နှမများဟာ သူတို့အသက်အတွက်သာမကဘဲ လူ့ဂုဏ်သိက္ခာပါ လုံခြုံမှု လိုအပ်နေပါတယ်။ ကယ်တင်ရှင်ကြွလာခြင်းဟာ ကောင်းမြတ်သောဘုရားသခင်က သူထားတဲ့ ဂတိတော်ကို ဖြည့်စွက်ခြင်းဖြစ်တယ်ဆိုတာကို မယ်တော် နားလည်ခဲ့ပါတယ်။ ဘဝဟာ ခက်ခဲ ကြမ်းတမ်းပါတယ်။ ဘုရားသခင်ကလည်း ကောင်းမြတ်တော်မူပါတယ်။

တတိယအချက်အနေနဲ့မယ်တော် ကျွန်ုပ်တို့ကို သိစေချင်က “အသက်တာနဲ့ မေတ္တာတရား ဟာ
သေခြင်းနဲ့ အမုန်းတရားထက် ပိုပြီး ခွန်အားကြီးပါတယ်” ...တဲ့။

မယ်တော်ဖြတ်သန်းခဲ့ရတဲ့ ဘဝလမ်းစဉ်ဟာ လူ့သမိုင်းမှာ ရှေးအကျဆုံးဖြစ်သလို ကျွန်ုပ်တို့နဲ့ အလွန်ရင်းနီးတဲ့ လမ်းစဉ်လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမိုင်းတလျှောက်မှာ လူများစွာဟာ ဒီလမ်းစဉ်ကို ဖြတ်သန်းကြရတယ်။ ဒီအဖြစ် အပျက်တွေကို ပြန်ရင်ဆိုင်ကြရတယ်။ ဒီလိုခက်ခဲကြမ်းတမ်းခြင်းတွေနဲ့ နာကြင်မှုတွေကို ခံစားနေခဲ့ကြရတယ်။

မိခင်တယောက်က သားတစ်ယောက်အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာလည်းဖြစ်ပါတယ်။ မယ်တော်ဟာ သားတော်ကို အပြည့်အဝနားမလည်နိုင်ပေမဲ့ ချစ်ခြင်းမေတ္တာအရာမှာတော့ ပြည့်ဝခဲ့ပါတယ်။ ဒီနည်းအတိုင်းပဲ ဘုရားသခင်ကလည်း ကျွန်ုပ်တို့ လူသားများကို ပြည့်ဝစွာချစ်ပါတယ်။ ခရစ္စမတ် ကာလမှာ ပေါ်ထွန်းလာတဲ့ ကြယ်တော်ဟာ မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ရဲ့ အမှတ်အသား ဖြစ်သလို့ တောက်ပနေတဲ့ ဘုရားသခင်ရဲ့ မေတ္တာတော်လည်း ဖြစ်ပါတယ်။

ဘဝဆိုတာကတော့ အမြဲတမ်း အစီအစဉ်တကျ မရှိပါဘူး။ ဒါပေမဲ့ မေတ္တာတရားကတော့ အမြဲတမ်း အောင်ပွဲခံပါတယ်။ သားတော်ကို သတ်ချင်ခဲ့တဲ့ ဟေရုဒ် နဲ့ သတ်မိန့်ပေးခဲ့တဲ့ ပီလာတူး မင်းတို့ဟာ သင်္ချိုင်းထဲမှာ သေကြပါပြီ။ ဒါပေမဲ့ မယ်တော်ရဲ့ သားတော်ဟာ အခုချိန်ထိ အသက်ရှင်နေဆဲပါပဲ။အမုန်းတရားတွေ သေဆုံးပျောက်ကွယ်သွားပေမဲ့ မေတ္တာတရားက ရှင်သန်နေပါတယ်။ မယ်တော်ဟာ ကယ်တင်ရှင်ကို သူမရဲ့ နှလုံးသားထဲမှာ ခန္ဓာကိုယ်ထဲမှာ အမြဲသယ်ဆောင်ထားပါတယ်။ အသက် သခင်၊ မေတ္တာတော်အရှင်ကို သယ်ဆောင်ထားတဲ့ မယ်တော်ရဲ့ ခန္ဓာကိုယ်ဟာလည်း မပျက်စီးပဲ ထာဝရတည်နေပါတယ်။

မယ်တော်ရဲ့ ဝိညာဉ်ရော ခန္ဓာပါ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်း ခံရတယ် ဆိုတဲ့ သတင်းစကားကို သံယောဟန်က ဗျာဒိတ်ကျမ်းမှာ ဖေါ်ပြထားပါတယ်။ မယ်တော်ဟာ နေကို ၀တ်ရုံအဖြစ် ဝတ်ဆင် ထားပြီး လကို ခြေဖဝါးအောက်မှာ နင်းထားတယ်၊ ကြယ် တစ်ဆယ့်နှစ်လုံးကို သရဖူအဖြစ် ဆောင်း ထားတယ်။ (ဗျာဒိတ်ကျမ်း ၁၂း၁)။

မယ်တော်ဟာ ဒီလို အရှိန် အဝါတွေနဲ့ ကောင်းကင်ဘုံမှာ တိတ်တဆိတ် စံပယ်နေတာ မဟုတ်ပါဘူး။ မယ်တော်သခင်မဟာ ဘုရားနဲ့ လူတွေအကြားမှာ အဆက်မပြတ် ကြားဝင် ဖြန်ဖြေပေးခြင်းအားဖြင့် လူသားများအတွက် ကယ်တင်ခြင်းကို ရယူပေးနေပါတယ်။ ကမ္ဘာမြေပေါ် ခရီးသွားနေကြတဲ့ လောကီလူသားများကို မိခင်တစ်ဦးရဲ့ မေတ္တာနဲ့ အစဉ်အမြဲ စောင့်ရှောက်နေပါတယ်။

ဒီမယ်တော်ဟာ ကျွန်ုပ်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများကိုလည်း ကာကွယ်စောင့်ရှောက်လျှက် ရှိပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစပြီး ကျွန်ုပ်တို့ နိုင်ငံဟာ ကြမ်းတမ်းတဲ့ သဘာဝတရားရဲ့ ထိုးနှက်မှု ခံခဲ့ရတယ်။ ကျေးရွာတွေ ရာနဲ့ချီပြီး ရေမြုပ်ခဲ့တယ်။ ဒီမယ်တော်ရဲ့ စောင့်ရှောက်မှုကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့ကြတယ်။ အယောက် ၁၀၀ နီးပါး သေဆုံးခဲ့ကြပေမဲ့ ထောင်ပေါင်း များစွာသောလူတွေ ဘေးကင်းခဲ့ကြတယ်။ တက်လာတဲ့ ရေပမာဏကိုကြည့်ရင် လူပေါင်းများစွာ အသက်ဆုံးရှုံးမယ်လို့ထင်ရတယ်။ ဒါပေမဲ့ အံ့သြဖို့ကောင်းစွာနဲ့ ဘေးကင်းခဲ့ကြပါတယ်။

ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောပွဲကနေ မယ်တော်ဟာ ကျွန်ုပ်တို့အတွက် မျှော်လင့် ခြင်းကို သယ်ဆောင်ခဲ့ပေးပါတယ်။ ကျွန်ုပ်တို့တစ်ဦးစီဟာ ဂုဏ်သိက္ခာရှိသူတွေဖြစ်တယ်ဆိုတာကို သိသာ ထင်ရှားစေပါတယ်။ ယေဇူးဟာ ဘုရားရဲ့သားတော်ဖြစ်သလို ကျွန်ုပ်တို့လူသားအားလုံးဟာလည်း ဘုရားရဲ့ ပုံသဏ္ဍန်အတိုင်းဖန်းဆင်းခံရသူများဖြစ်တယ်ဆိုတာကို သတိပေးပါတယ်။ မယ်တော်ဟာ သန့်ရှင်းသူဖြစ်သလို ကျွန်ုပ်တို့အားလုံးဟာလည်း သန့်ရှင်းသူများဖြစ်ကြပါတယ်။ တမန်တော် ပေါလူးက “သင်တို့သည် သန့်ရှင်းသူများဖြစ်ကြ၏၊ သင်တို့သည် ဘုရား၏ဗိမာန်တော်များဖြစ်ကြ၍ ဘုရားသခင်သည် သင်တို့၌ စံပယ်တော်မူ၏” လို့ သတိပေးခဲ့ပါတယ် (၁ ကော် ၃း၁၆)။ ဤအရာဟာ ကျွန်ုပ်တို့အတွက် သတင်းစကားဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ သန့်ရှင်းကြတယ်။ ကောင်းသော လုပ်ငန်းစဉ်များကို ဆောင်ရွက်ရင်း ဘုရားသခင် နိုင်ငံတော်ထဲကို သူမနဲ့အတူ ဝင်ရောက်ကြဖို့ မယ်တော်ဟာ ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းမဟုတ်ဘဲ နိုင်ငံ တစ်ခုလုံးအနေနဲ့တောင် ကြီးမြတ်မှုကို ရယူနိုင်ပါတယ်လို့ မယ်တော်က ကျွန်ုပ်တို့ကို ခွန်အားပေး နေပါတယ်။

ကျွန်ုပ်တို့နိုင်ငံဟာ မကြာခင်မှာ နိုင်ငံအတွက် အရေးပါတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပကြ တော့မှာ ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ ဝိညာဉ်ရေးရာ ကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာ ကမ္ဘာက အသိအမှတ် ပြုထားပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့တဲ့ အုပ်ချုပ်ရေးစနစ်က ကျွန်ုပ်တို့အားလုံးကို မွန်းကျပ်စေတဲ့ အမှောင်ထုအောက် ရောက်စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က မျှော်လင့်ခြင်း မီးစလေး ပေါ်လာခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတယ်၊ တင်းကြပ်တဲ့ စိစစ်ရေးတွေ လျှော့ပေါ့ပေးတယ်၊ စီးပွါးရေးမှာပွင့်လင်းမှုရှိလာတယ်။ မျှော်လင့်ခြင်းမီးစပေးခဲ့တဲ့ နိုင်ငံခေါင်းဆောင် များကို ကျေးဇူးတင်ပါတယ်။ ပြီးမြောက်သည်အထိလည်း ဆောင်ရွက်စေချင်ပါတယ်။

ဒါပေမဲ့ အမှောင်ထုကြီးက ထွက်ခွါမသွားချင်သေးဘူး။ ၂၀၁၂ ခုနှစ်မှာ ပြဌါန်းခဲ့တဲ့ မြေယာဥပေဒေက သားစဉ်မြေးဆက် လုပ်ကိုင်နေခဲ့တဲ့ လယ်သမားတွေရဲ့ အခွင့်အရေးတွေကို ထိပါးလာတယ်။ ချမ်းသာတဲ့သူတွေသာ ပိုချမ်းသာစေတဲ့ စီးပွါးရေးစနစ်ဆိုးကြီး သန်းပေါင်းများစွာသော ပြည်သူတွေကို ဆင်းရဲတွင်း နက်စေနေဆဲဖြစ်တယ်။

ပြောင်းလဲမှုကို ကျွန်ုပ်တို့ ရှာဖွေကြတယ်ဆိုတာ တရားမျှတမှုအပေါ် အခြေပြုတဲ့ အပြောင်းအလဲကို တောင့်တာပါ။ မေတ္တာတရားနဲ့ အသက်တာကို တန်ဘိုးထားတဲ့ ပြောင်းလဲခြင်းကို အလိုရှိပါတယ်။ မယ်တော်ရဲ့အသက်တာမှာလည်း ထင်ရှားစွာတွေ့ရတဲ့အတိုင်း လူ့ဂုဏ်သိက္ခာကို လေးစား တန်ဘိုး ထားတဲ့ အပြောင်းအလဲကို လိုချင်ပါတယ်။ မယ်တော်ဟာ ဒီကမ္ဘာပေါ်မှာ လူ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးသူဖြစ်သလို ကာကွယ်ပေးသူလည်း ဖြစ်ပါတယ်။ “ဘုရားသခင်ဟာ သူ့ရဲ့တန်ခိုးကြီးတဲ့ လက်ရုံးတော်အားဖြင့် မာနထောင်လွှားသူတွေကို ကွဲလွင့်စေပါလိမ့်မယ်” လို့ မယ်တော်က သတိ ပေးနေပါတယ်။ (လုကာ ၁း၅၁)

ရွေးကောက်ပွဲဆိုတာ ဦးတည်ရာ ပန်းတိုင်ချမှတ်ချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ တိုင်းသူပြည်သားများသာ အရှင်သခင်ဖြစ်ပါတယ်။ အာဏာကို ဖက်တွယ်ချင်နေတဲ့ အာဏာရှင်တွေကို မယ်တော်က သတိ ပေးနေပါတယ်။ “အင်အားကြီးသောသူတို့ကို အရိုက်အရာမှ ချတော်မူ၍ နှိမ့်ချသောသူတို့ကို အင်အားကြီးသော သူတို့နေရာမှာ ချီးမြှောက်တော်မူမည်” တိုင်းသူပြည်သားအားလုံး မျှော်လင့်နေကြ တာလည်း ဒါပါပဲ။ မယ်တော် လောကီမှာ သက်ရှင်နေထိုင်ခဲ့တဲ့ ကာလရဲ့ သမိုင်းဟာလည်း ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ ဆင်းရဲသားများလက်ထဲက လုယူတဲ့သူတွေဟာ သမိုင်းရဲ့ လောင် ကျွမ်းခြင်း ခံရလိမ့်မယ်။ ဆင်းရဲသားများအတွက် တရားမျှတခြင်းကို ဖေါ်ဆောင်ပေးသူ တွေဟာ ထာဝရအတွက် အသက်ရှင်ကြပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရ ကြတယ်၊ ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံမှာ စတေးခဲ့ကြတဲ့ ကျောင်းသားတွေကို သတိရ ကြတယ်။ တရားမျှတမှုကို ဖေါ်ဆောင်ဖို့ကြိုးစားရင်း ဖိနှိပ်ခံရတဲ့ သူတွေကို ဦးညွှတ်အလေးပြု ပါတယ်။ မယ်တော်သခင်မဟာလည်း ရောမတွေကြီးစိုးတဲ့ ခေတ်ကာလမှာ ရှင်သန်ခဲ့ရတယ်။ မတရားမှုတွေကို နားလည်တယ်၊ အပြစ်မဲ့တဲ့ သူမရဲ့သားကို လက်ဝါးကားတိုင်မှာတင်ပြီး သတ်ပစ် ခံရတဲ့ထိ မတရားမှုတွေကို ခံစားခဲ့ရတယ်။ ဒါပေမဲ့ အဲဒီ မတရားဖိနှိပ်မှု အမှောင်ထဲကနေ ကယ်တင်ခြင်း တရားလမ်း ပေါ်ထွက်လာခဲ့ပါတယ်။

ယနေ့ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်အတွက် ဒီဆုကိုပဲ တောင်းကြပါတယ်။ ရွေးကောက်ပွဲဟာ တရားမျှတခြင်းကို ပီပြင်စွာ တောင်းဆိုတဲ့ တံပိုးမှုတ်သံဖြစ်ပါစေ။ ခရစ်တော်ရဲ့ သတင်းစကားဖြစ်တဲ့ “ဆင်းရဲသားတို့တွက် သတင်းကောင်း၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့တွက် လွတ်မြောက်ရာအကြောင်း” သည် ဤနိုင်ငံမှာ အစစ်အမှန်ဖြစ်လာနိုင်ပါစေ။ မယ်တော်ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရခြင်း ပွဲတော်ကျင်းပကြသော ကျွန်ုပ်တို့သည်လည်း မယ်တော်ကဲ့သို့ ခရစ်တော်အပေါ် သစ္စာတည်ကြည် ပါလျှင် အမြင့်ဆုံးထိ ရောက်နိုင်ပါသည်ဟူသော မျှော်လင့်ခြင်းများ ရရှိနိုင်ကြပါစေ။ မယ်တော်၏ ကူညီ စောင်မခြင်းအားဖြင့် ကျွန်ုပ်တို့၌ ပျော်ရွှင်ဖြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတို့ ပြည့်ဝပါစေသော်။

ကာဒီနယ်ချာစ်းဘို

Comments